Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Sunday, April 1, 2012

ယနေ့ ရရွေးကောက်ပွဲသတင်း

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကွာဟမှုကြောင့် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်နဲ့ ကျွန်းစုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ စာရင်းကျန်ခဲ့တဲ့ လူ ၅၀၀၀ နီးပါး မဲပေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။  လောင်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲရုံ ၁၀၇ ရုံကနေ မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ၇ ထောင်ကျော်ရှိတဲ့အထဲမှာ ဒီနေ့နေ့လည်ပိုင်းအထိ မဲပေးပြီးသူ အားလုံးနီးပါး ရှိပြီလို့ လောင်းလုံမြို့နယ် အန်အယ်လ်ဒီ ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက
အာအက်ဖ်အေကို ပြောပါတယ်။  “နဂို ၂၀၁၀ ရွေးကောက်ပွဲစာရင်းနဲ့ ဒီစာရင်းနဲ့ ၅၀၀၀ ကျော်ကွာနေတယ်။ ကျနော်တို့ဘက်က လိုက်ကြိုးစားတော့ ၂၀၀၀ ကျော်ပြန်ရတယ်။ ကျန်တဲ့ ၃၀၀၀ ကျော်ဝန်းကျင်လောက်က ရွာမှာ မရှိဘူးဘာဘူး ဆိုပီးတော့ အဲဒါ ကျန်ခဲ့ကြတယ်။ ကျန်ခဲ့လို့ ဒီမှာ ကလေးတွေက မဲမထဲ့ရလို့ မကျေနပ်ကြဘူး။ ကျနော်တို့ကလည်း ပြသနာဖြစ်မှာစိုးလို့ လိုက်ပီး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါတယ်ခင်ဗျ။”  ရွာပေါင်း ၁၁၀ အတွင်းက မဲရုံ ၃၀ နီးပါးကို လိုက်လံကြည့်ရှုခဲ့ရာမှာ မဲဆန္ဒရှင် ဦးရေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကထက် ပိုများတယ်လို့ သူက ပြောပါတယ်။  တနင်္သာရီတိုင်းထဲက နောက်ထပ် လစ်လပ်နေရာတခုဖြစ်တဲ့ ကျွန်းစုမြို့နယ်မှာတော့ မဲရုံ ၁၄၂ ရုံက မဲပေးပိုင်ခွင့်ရှိသူ (၇) သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွာလုံးကျွတ်ထိအောင် မဲပေးပိုင်ခွင့်ဆုံးရှုံးသွားခဲ့သူတွေ ရှိတယ်လို့ ကျွန်းစုမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီက ပြောပါတယ်။  “မဲစာရင်းကွာတာကတော့ ကျမတို့မှာ အများကြီးပဲ။ ပျမ်းမျှခြင်းပြောမယ်ဆို ၂၀၀၀ ကျော် မကလောက်ဘူး။ အုပ်ချုပ်ရေးမှုးက ကောက်ထားပြီး ကော်မရှင်ကို မပေးတော့ တရွာလုံး ကျန်ခဲ့တယ်။ ကန်မော်ကျေးရွာအုပ်စုအပိုင် ပုလင်းတောင်စိုရွာမှာ အိမ်ခြေမှာပါတဲ့ လူဦးရေ ၃၆ ဦးက တယောက်မကျန် မဲမပေးရဘူး။ စာရင်းကောက်ပီးတော့ ကော်မရှင်ကို ပေးခိုင်းတာ မပေးဘဲ စာရင်းကို ချောင်ထိုးထားတယ်။ ဒီကိစ္စကို ကော်မရှင်ကို အကြောင်းကြားထားတယ်။ တော်တော်များများက အန်အယ်ဒီအဖွဲ့ဝင်တွေ များတယ်။ မဲပေးပိုင်ခွင့် ဆုံးရှုံးသွားတယ်။ ကျေးရွာ အတော်များများမှာ မထဲ့လိုက်ရဘူးပေါ့။ မဲရုံက ၁၄၂ ရုံရှိတာ ကျန်ခဲ့တာ ပြောရရင် မဲရုံတိုင်းလိုလိုမှာ ကျန်တာ အနည်းနဲ့အများပဲကွာတာ။ ရာနဲ့ချီပြီးး ကျန်တာရှိတယ်၊ ဆယ်နဲ့ချီပီးကျန်တာရှိတယ်၊ တရွာလုံးကျွတ် ကျန်တာရှိတယ်။ အဲလို မဲစာရင်းလုံးဝ မပါဘဲနဲ့။ တချို့ကျတော့ သူတို့လိုတာကျတော့ နောက်တိုးဆိုပီး လိုက်ပေါင်းထားတာ ရှိတယ်။”  ကျွန်းစုမြို့နယ်နဲ့ လောင်းလုံမြို့နယ် နှစ်မြို့စလုံးက မဲဆန္ဒရှင်တချို့ကို မေးမြန်းကြည့်ရာမှာတော့ မဲရုံတွေမှာ မှတ်ပုံတင်နံပါတ်နဲ့ လူနဲ့ လွဲတာမျိုး၊ တုံကင်နံပါတ်ပြားမရခဲ့ဘဲ မဲလာထဲ့လို့ ကြန့်ကြာတာမျိုး အများအပြား ရှိပေမယ့် ချက်ချင်း ပြင်ဆင်ဆောင်ရွက်ပေးတယ်လို့ ပြောကြပါတယ်။  တနင်္သာရီတိုင်းလစ်လပ်နေရာ ၂ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီက ယှဉ်ပြိုင်တာ ဖြစ်ပြီး တချို့မဲရုံတွေမှာ မဲပေးသူစာရင်း ပြည့်သွားပြီဖြစ်တဲ့ အတွက် နေ့လည်ပိုင်းကစလို့ မဲစာရင်း စတင်ရေတွက်နေပီလို့လည်း သိရပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က မဲရုံအများစုမှာ မဲပေးပိုင်ခွင့်ရှိပေမယ့် မဲစာရင်းထဲ အမည်မပါသူတွေများကြောင်း NLD ပါတီ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့
ဝင် ဒေါ်ဝင်းမြမြက ပြောပါတယ်။

"မဲစာရင်းစာရွက်ထဲမှာ မပါတဲ့သူတွေရှိတယ်။ မဲစာရင်းထဲပါပြီး မှတ်ပုံတင်နံပတ် လွဲတာရှိတယ်။ တချို့ လူ ၈ ယောက်လောက်ရှိတာ ၂ ယောက်ပဲ
မဲထဲ့ခွင့်ပေးထားတာ ရှိတယ်။ အသက် (၉၀) ကျော်ကို ကြိုတင်မဲထဲ့ဖို့ လက်မခံလို့ ဒီနေ့ ဆိုင်ကယ်နဲ့ တင်ခေါ်သွားတော့လည်း မဲထဲ့ခွင့် မရခဲ့ဘူး။ တချို့ကျတော့လည်း မှတ်ပုံတင်မပါဘဲနဲ့လည်း ထဲ့ခွင့်ပေးတယ်။ ပုံစံတွေက အမျိုးစုံပဲ။ မဲရုံ တရုံနဲ့ တရုံ မတူဘူး။ ဒေါက်တာ သိန်းလွင်ရဲ့တိုက်မှာ ကျမတို့ အားလုံး ရုံးဖွင့်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ အခု မှတ်တမ်းလည်းယူတယ်။ စာရင်းတွေလည်း ပြုစုနေပါတယ်။"

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဦးဝင်းထိန်က ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေး ကတော့ သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲစာရင်းထဲ အမည်မပါလို့ ပျက်ပြယ်ခဲ့ရကြောင်း၊ အလားတူပဲ မဲစာရင်းအမည်မပေါက်တာတွေ၊ အမှားတွေ ရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မကျင်းပခင် (၃) ရက်အလိုနဲ့ တပတ်အတွင်းကာလတွေမှာ သူ့ကို လောက်လေးခွနဲ့ပစ်တာ၊ ကျောက်ခဲနဲ့ပေါက်ပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဟာ စစ်တပ်အခြေစိုက်တဲ့ မြို့ဖြစ်ပြီး အခုအချိန်ထိ မဲရေတွက်မှုတွေ မပြီးသေးပေမယ့် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်က အသာရနေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment