Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 4, 2012

မြေငှားနေသူများအား ပြောင်းရွှေ့ပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဖိအားပေး



ဧပြီ၊ ၃၊ ၂၀၁၂ ခုနှစ် (YPI)

တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ မာန်အောင်ရဲရိပ်သာစိုက်ပျိုးမြေတွင် ငှားရမ်းနေထိုင်သူများအား ပြောင်းရွှေ့ပေးရန်အတွက် မြေပိုင်ရှင်ဖြစ်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖိအားပေးလျက်ရှိကြောင်း ယင်းမြေတွင် လေးနှစ်ကြာ ငှားရမ်းနေထိုင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်ကပြောသည်။

“ ကျွန်တော်တို့ကို ပြောင်းမပေးရင် ဖမ်းမယ်ဆိုပြီး သတင်းထွက်နေတယ်။ ကျွန်တော်တို့ကလည်း ပြောင်းပေးမှာပါ။ ဒါပေမယ့် ပြောင်းဖို့နေရာရှာတာ အခက်အခဲရှိတဲ့အတွက် အချိန်တစ်ခုလောက်တော့ စောင့်ပေးစေချင်တယ်။” ဟု ၎င်းကပြောသည်။

ဦးမောင်မောင်က ၎င်းတို့အနေဖြင့် ပြင်ပတွင် ငှားရမ်းနေထိုင်ရန် ငွေသောင်းဂဏန်းနှင့် ချီမတတ်နိုင်သဖြင့် လောလောဆယ်တွင် အခက်ကြုံနေရသည်ဟုလည်း လောလောဆယ် ကြုံတွေ့နေရသည့် အခက်အခဲကို ရှင်းပြသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖယ်ရှားမပေးလျှင် အချုပ်ထဲထည့်မည်ဟု ပြောဆိုသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သူများက ဖယ်ရှားပေးသော်လည်း ၎င်းတို့လို ငွေကြေးအခက်အခဲရှိသူများက ဆက်လက်နေထိုင်နေဆဲ ဖြစ်သည်ဟုပြောသည်။

အဆိုပါမြေကွက်တွင် ငှားရမ်းနေထိုင်သူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ စိုက်ပျိုးရေးတာဝန်ခံ တပ်ကြပ်ကြီး လှထွန်းမြင့်ထံမှ မြေကွက်ငှားရမ်းခအဖြစ် တစ်လလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိပေးပြီး ငှားရမ်းနေထိုင်ကြခြင်းဖြစ်သည်။

ဦးမောင်မောင်က “ နရခ ( မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်) နဲ့ ယာဉ်ထိန်းရဲကြားမှာ ဘာပြသနာရှိလဲတော့မသိဘူး။ ယာဉ်ထိန်းတပ်ဖွဲ့က အခုကျွန်တော်တို့ကိုနှင်တယ်။ ခုလို ဖိအားပေးပြီး နှင်တဲ့အတွက် ကြောက်တဲ့သူလည်း ကြောက်နေကြတယ်” ဟုပြောသည်။

၎င်းကဆက်လက်ပြီး “ ကျွန်တော်သိချင်တာတစ်ခုက နိုင်ငံတော် သမ္မတရဲ့ ဆင်းရဲသား ပပျောက်ရေးဆိုတာ ဆင်းရဲသားတွေကို ဖမ်းပြီး အချုပ်ထဲထည့်တာကို ပြောတာလားဆိုတာကို သိချင်တာပါ” ဟုပြောသည်။

ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးအောင်သိန်းက အစိုးရပိုင်မြေနေရာဆိုသည်မှာ တရားဝင်ငှားရမ်းခွင့်ရှိသည့် အမျိုးအစားမဟုတ်ဘဲ နားလည်မှုဖြင့်ငှားရမ်းထားသည့်အတွက် သက်ဆိုင်ရာမှ ဖယ်ခိုင်းပါက ဖယ်ပေးရမည်ဖြစ်ကြောင်း၊ တရားစွဲဆိုပါက ငှားရမ်းနေထိုင်သူများ ရှုံးနိမ့်နိုင်ကြောင်းပြောသည်။

မာန်အောင်ရဲရိပ်သာ စိုက်ပျိုးမြေတွင် ငှားရမ်းနေထိုင်သည့် ကျား ၄၈ ဦးနှင့် မ ၅၂ ဦးပါ အိမ်ထောင်စုပေါင်း ၂၁ စု ရှိသည်။ ယင်းတို့သည် အဆိုပါစိုက်ပျိုးမြေတွင် အနည်းဆုံး တနှစ်မှ အများဆုံး ၇ နှစ်အထိ ငှားရမ်းနေထိုင်ခဲ့ကြသူများဖြစ်သည်။       ။

Yangon Press International

0 comments:

Post a Comment