Subscribe:
Welcome To International Political Media Groups(IPMG)

Pages

Wednesday, April 4, 2012

စာမတတ်သူလင်မယား မဲပေးမည့်ကိစ္စအား ရိုင်းစိုင်းစွာ တားမြစ်သည့် ရာအိမ်မှူးအား မြို့နယ်တရားလွှတ်တော် သို့တိုင်ပြီ



ကျေးလက်က ဆင်းရဲသားတချို့ ရဲ့ နားခိုးရာပါ
ပုသိမ် ဧပြီ ၄ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်း (YPI)

မတ်(၃၁)ရက်နေ့က ရွာသစ်တိုက်နယ၊် စပါးထားကျေးရွာ တွင် စာမတတ်သူ ကိုဖိုးသက်ရှည် နှင့် မမြင့် ကြည် တို့လင်မယားနှစ်ဦးမဲပေးမည့်ကိစ္စကို မေးမြန်းပြီး ရိုင်းစိုင်းစွာပြောဆို တားမြစ်ခဲ့သော ရာအိမ်မှူး ဦးပိုးတုတ်အား အရေးယူပေးပါရန် အဆိုပါ လင်မယားက မြို့နယ်တရားလွှတ်တော်သို့ ဦးတိုက် တိုင်ကြားလိုက်ကြောင်းသိရှိ ရသည်။

“ ကျနော်တို့လင်မယားက စာကို ရေးလည်းမရေးတတ် ဖတ်လည်းမဖတ်တတ်ဘူး ကြုံရာလုပ်ပြီးထမင်း စားနေရတာ၊ အဲဒီနေ့က  မနက်ကိုးနာရီခွဲ လောက်မှာ သူ(ရာအိမ်မှူး) ရောက်လာပြီး နင်တို့ဘယ်သူ့ကိုမဲပေး မှာလည်းလာမေးတော့ မိန်းမက ကျမကြားဘူးတာ ဒေါ်စုဆိုတော့ သူ့ကိုပဲမဲပေးမယ် ပြောလိုက်တာနဲ့ အရမ်း စိတ်ဆိုးသွားပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတော့တာပဲ” ဟုကိုဖိုးသက်ရှည် ကရှင်းပြသည်။

ထိုနောက် ရာအိမ်မှူးဦးပိုးတုတ်က ဒါဆိုနင်တို့ ငါ့ရွာမှာမနေနဲ့ အိမ်တိုင်ချွတ်ပြီး တခါတည်းပြောင်း၊ ကရင်ရွာမှာ သောက်ဗမာမက သောက်ကြောလာရှည်နေတယ် ဟုခြိမ်းခြောက်ဆဲဆိုခဲ့ကြောင်း အဆိုပါလင်မယားက ပြောပြသည်။

စပါးထားကျေးရွာတွင် နေထိုင်သူတစ်ဦးကတော့ “ကျမတိုလည်းအဲဒီအချိန် ဆူဆူညံညံအသံတွေကြား လို့လှမ်းကြည့်တော့ သူတို့လင်မယားက အိမ်ထဲမှာ ဦးပိုးတုတ်က သူတို့ကို အိမ်ရှေ့ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲနေတာတွေ့တယ်” ဟုပြောသည်။

ဧပြီလ (၁) ရက်နေ့ကလည်း မဲရုံများ၏ အနီးအနားတစ်ဝိုက်တွင် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ် များက မဲလာရောက်ပေးသည့် ကရင်လူမျိုးများအား ခြိမ်းခြောက်မှုများ မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရှိရသည်။

ထိုကဲ့သို့တိုင်ကြားခဲ့မှုအပေါ် ပုသိမ်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ “ဒီလိုကိစ္စတွေ ကြားရတာ အရမ်းစိတ်မကောင်းစရာပဲ၊ ဆင်းရဲပြီး အသိပညာ ချို့တဲ့နေတဲ့ ရွာတွေမှာ နေထိုင်သူတွေကို ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓါတ်ရှိပြီးသား ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေက ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်နေတာတွေ ကို ဥပဒေစိုးမိုးမှုရှိအောင် ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်တယ်” ဟု ပြောပြသည်။

စပါးထားကျေးရွာ သည် ပုသိမ်၏အနောက်ဘက် (၁၂) မိုင်ခန့် အကွာတွင်တည်ရှိသောရွာလေး တစ်ရွာဖြစ်ပြီး ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်အတွင်း မဲရုံ (၂၀၂)ရုံရှိသည့်အနက် NLD ပါတီ ရှုံးနိမ့်ခဲ့သည့် မဲရုံအနည်းငယ်ထဲတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း NLD မြို့နယ်အောင်နိုင်ရေးရုံး မှ မဲစာရင်းများအရသိရှိရသည်။     ။

Yangon Press International

0 comments:

Post a Comment