တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက်
မဲရုံဖွင့်လှစ်နိုင်ရန် မတ်လ ၃၁ ရက်နေ့အထိ သေချာမှုမရှိသေးကြောင်း
တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
''ကျေးရွာအုပ်စု ရှစ်ခုက မဲရုံဖွင့်လို့ရမရ ဒီနေ့ထိ
မသေချာသေးပါဘူး။ ကော်မရှင် အနေနဲ့ကတော့ မဲပေးခွင့်ရှိသတွေ မဲပေးနိုင်အောင်
အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ''ဟု မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက
ဆိုသည်။
မဲရုံဖွင့်လှစ်ရန် အခက်အခဲရှိသည့် ကျေးရွာအုပ်စု ရှစ်ခုမှာ
နမ့်လပ်၊ ကောင်းလန်း၊ နားဝိန်၊ ပန်ဖီ၊ နမ့်စိုင်၊ ခမ်းပုန့်၊
မန်ကောင်းနှင့် နမ့်အွန်အုပ်စုများဖြစ်ကြောင်း သိရသည်။ အဆိုပါ
ကျေးရွာအုပ်စုရှစ်ခုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၁၀၉၈
ဦးရှိကြောင်း သိရသည်။
''အဲဒီ ကျေးရွာအုပ်စုတွေမှာ မဲရုံဖွင့်ပြီး
မဲပေးခွင့် ရ မရ မနက်ဖြန်မှပဲ သိရမှာ။
ကော်မရှင် အဖွဲ့ခွဲကလူတွေလည်း
အဲဒီရွာတွေဘက် ဆင်းသွားကြပြီ။ အခြေအနေပေးရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ
မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ
ကျေးရွာအုပ်စုတွေမှာ ဘာကြောင့် မဲရုံဖွင့်လှစ်ဖို့ ခက်ခဲရတာလည်းဆိုရင်
အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေသဘောမျိုး ဖြစ်နေပြီး သူတို့နဲ့ ညှိနှိုင်းနေရတယ်။
သူတို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ
မဲရုံဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
''မဲရုံဖွင့်လှစ်ဖို့
ခက်ခဲတယ်လို့ မြို့နယ်ကော်မရှင်ကနေ ခရိုင်ကိုတင်ပြတဲ့ ကျေးရွာအုပ်စု ၁၀ ခု
ရှိခဲ့တယ်။ အဲဒီအထဲက တောင်သျိုးနဲ့ မန်လွယ်ဆိုတဲ့ နှစ်ခုမှာ
မဲရုံဖွင့်လှစ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အခုရှစ်အုပ်စုပဲ မဲရုံဖွင့်ဖို့
အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရှစ်အုပ်စုအတွက် မဲရုံတွေကို
တောင်လျိုးနှင့် မန်လွယ်ရွာတွေမှာပဲ အုပ်စုခွဲပြီး
မဲရုံဖွင့်ပေးမယ်လို့လည်း ကြားတယ်။ မဲရုံဖွင့်ဖို့ ခက်ခဲတယ်လို့ တင်ပြရတဲ့
အကြောင်းအရင်းက အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ခွင့်မပြုလို့
သိရပါတယ်''ဟု ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲရုံ
ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဧပြီလ ၁
ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ
၇၀၄၄၆ ဦးရှိကြောင်း၊ မရုံဖွင့်လှစ် ရန်ခက်ခဲသည့်
အဆိုပါကျေးရွာအုပ်စုရှစ်ခုရှိ မဲရုံ ရှစ်ရုံ အပါအ၀င် တန့်ယန်းမြို့နယ်
တစ်မြို့နယ်လုံးတွင် မဲရုံ ၅၆ ရုံရှိကြောင်း သိရသည်။
Saturday, March 31, 2012
တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် သေချာမှု မရှိသေးကြောင်းသိရ
Labels:
ရွေးကောက်ပွဲသတင်း
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment